International News

ဖိလစ်ပိုင်-တောင်ကိုရီးယား နှစ်နိုင်ငံ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ် (PH-KR FTA)

Last Updated:

ဖိလစ်ပိုင်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့သည် နှစ်နိုင်ငံအကြား လွတ်လပ်စွာကုန်သွယ်ရေးသဘောတူစာချုပ် (FTA) တစ်ခု ချုပ်ဆိုနိုင်ရန် ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် ဆွေးနွေးညှိနှိုင်းမှုများ စတင်ခဲ့ကြပြီး ၂၀၂၁  ခုနှစ်၊ အောက်တိုဘာလတွင် အပြီးသတ်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါသဘောတူစာချုပ်အရ စာချုပ်ဝင်နှစ်နိုင်ငံလုံး၏ တင်သွင်းမည့်ကုန်စည်များအပေါ် အခွန်စည်းကြပ်မှုများ ဖယ် ရှားမည်ဖြစ်ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုကို ပိုမိုမြှင့်တင်နိုင်ရန်ဖြစ်ပါသည်။

ဖိလစ်ပိုင်လယ်ယာထွက်ကုန်များအား တောင်ကိုးရီးယားသို့တင်ပို့နိုင်ရေးအတွက် စျေးကွက်ရရှိရန် အထောက်အကူပြုနိုင်မည်ဖြစ် သည့်အပြင်  တောင်ကိုရီးယား၏ မော်တော်ယာဉ်များကို ဖိလစ်ပိုင်ဈေးကွက်သို့ တိုးမြှင့်တင်ပို့နိုင်ရန်လည်း အထောက်အကူပြုမည့် ကုန်သွယ်ရေးသဘောတူစာချုပ်တစ်ခုဖြစ်ပါသည်။

ဖိလစ်ပိုင်- တောင်ကိုရီးယား နှစ်နိုင်ငံ လွတ်လပ်စွာကုန်သွယ်ရေးသဘောတူစာချုပ် (PH-KR FTA) ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက် နေ့တွင် လက်မှတ်ရေးထိုးသွားရန် လျာထားသော်လည်း လက်ရှိတွင် နှစ်ဖက်သဘောတူစာချုပ်၏ နိဂုံးပိုင်းတွင် ပါဝင်မည့် သဘော တူညီချက်ပါ စာသားများဖြစ်သော ကုန်စည်ကူးသန်းရောင်းဝယ်ရေး (Trade in Goods)၊ ကုန်သွယ်မှုကုထုံးများ (Trade Remedies)၊ အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့ရေး၊ အကောက်ခွန်သက်သာခွင့်အတွက် ပင်ရင်းနိုင်ငံထောက်ခံချက် (Rules of Origin)၊ ယှဉ်ပြိုင်မှုနှင့် အခြားဥပဒေနှင့်ဆိုင်သော အထွေထွေပြဋ္ဌာန်းချက်များ၊ ပွင့်လင်းမြင် သာမှု၊ အသုံးပြုမည့်မူဝါဒများ၊ စနစ်များ၊ လုပ်ငန်းစဉ်များနှင့် ဖွဲ့စည်းပုံများ၊ အပြီးသတ်ပြဌာန်းချက်များ၊ ခြွင်းချက်များနှင့် အငြင်း ပွားမှုဖြေရှင်းရေး စသည့်ကိစ္စရပ်များကို ရှေ့နေများ၊ ကောင်စီအဖွဲ့ဝင်များ၊ ပညာရှင်များနှင့် စိစစ်ဆောင်ရွက်ဆဲ ဖြစ်ပါသည်။

ယခုချုပ်ဆိုမည့် သဘောတူစာချုပ်သည် ၂၀၀၈ ခုနှစ်တွင်ချုပ်ဆိုခဲ့သော ဖိလစ်ပိုင်နိုင်ငံ၏ ပထမဆုံး နှစ်နိုင်ငံကုန်သွယ်ရေးစာချုပ် ဖြစ်သည့် ဂျပန်-ဖိလစ်ပိုင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် (JPEPA) ပြီးနောက် ဒုတိယမြောက်စာချုပ်ဖြစ်ပါ သည်။ PJEPA ကို ချုပ်ဆိုနိုင်ရန် ၂၀၀၄ ခုနှစ်ကတည်းက စတင်ဆွေးနွေးခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ သို့ရာတွင် လက်မှတ်ရေးထိုးပြီး နှစ်နှစ်အကြာ ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလတွင်မှ စတင်အသက်ဝင်ခဲ့သည့် စာချုပ်ဖြစ်ပါသည်။

ဖိလစ်ပိုင်နှင့်တောင်ကိုရီးယားနှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၁၀ ခုနှစ်တွင် စတင်ခဲ့သော အာဆီယံ-ကိုရီးယား လွတ်လပ်စွာကုန်သွယ် ရေးသဘောတူစာချုပ် (ASEAN-KOREA FTA) အရ အကျိုးအမြတ်များစွာရရှိခဲ့ပြီးဖြစ်ပါသည်။ ယခုချုပ်ဆိုမည့် သဘောတူစာချုပ် အရ ပိုမိုအလေးသာသောညှိနှိုင်းချက်များဖြင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာစေမည်ဖြစ်ပါ သည်။

PH-KR FTA သဘောတူစာချုပ်၏ အဓိကအချက်အနေဖြင့် တောင်ကိုရီးယားမှဖိလစ်ပိုင်သွင်းကုန်များ အပေါ်အခွန်စည်းကြပ်မှု ၉၄.၈ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပြုမည်ဖြစ်ပြီး ဖိလစ်ပိုင်သည် တောင်ကိုရီးယားသွင်းကုန်များအပေါ် အခွန်စည်းကြပ်မှုနှုန်း ၉၆.၅ ရာခိုင်နှုန်း လျှော့ချပေးမည်ဖြစ်ပါသည်။

ဖိလစ်ပိုင်နိုင်ငံဘက်မှ ငှက်ပျောသီး၊ ပြုပြင်ထုတ်လုပ်ထားသည့် အသင့်စားနာနတ်သီးထုတ်ကုန်များကဲ့သို့ စိုက်ပျိုးရေးထုတ်ကုန် များ၊ စက်မှုလုပ်ငန်းသုံးထုတ်ကုန်များနှင့် ဝန်ဆောင်မှုအမျိုးမျိုးတို့အတွက် ဈေးကွက်ရရှိရေး အဓိကဆောင်ရွက်သွားမည်ဖြစ်ပြီး ငှက်ပျောသီးသည် ယခု နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူစာချုပ်တွင် ဈေးကွက်မြှင့်တင်မည့် အဓိကထုတ်ကုန်တစ်ခုဖြစ်ပါသည်။

တောင်ကိုရီးယားနိုင်ငံ စီးပွားရေး၏ အဓိကကဏ္ဍတစ်ခုဖြစ်သော မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများအပေါ် အခွန်စည်းကြပ်မှု များဖယ်ရှားပေးခြင်းက ဖိလစ်ပိုင်ဈေးကွက်တွင် မော်တော်ကားလုပ်ငန်းကဏ္ဍကို တိုးချဲ့လာနိုင်မည့် အခွင့်အလမ်းတစ်ခုဖြစ်ပါ သည်။

တောင်ကိုရီးယားနှင့် ဖိလစ်ပိုင်တို့အကြား စွမ်းဆောင်ရည်မြှင့် သင်တန်းများနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ယခုစာချုပ်အရ ပိုမိုနီးကပ်စွာဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဦးစားပေးဆောင်ရွက်မည့် ကဏ္ဍများတွင် စမတ်လယ်ယာများ၊ ရုပ်ရှင် ထုတ်လုပ်ရေးနှင့် လျှပ်စစ်မော်တော်ကားနှင့် ယာဉ်များ ပါဝင်ပါသည်။

စာချုပ်အရ မိုးခေါင်ခြင်းနှင့် အစာရေစာမလုံလောက်ခြင်း၊ ကိုဗစ် ၁၉ ကပ်ရောဂါတို့ကဲ့သို့ သဘာဝဘေးအန္တရာယ်နှင့် ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုများကဲ့သို့  ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများတွင် ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်းအစီအမံများ ချမှတ်ခြင်းနှင့် အချိန်နှင့်တပြေးညီ ထုတ်ပြန်ခြင်းများအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် သဘောတူညီမှုရရှိ ခဲ့ပြီး ကူးစက်ရောဂါများအတွက် ကာကွယ်ဆေးထုတ်လုပ်ခြင်းအပြင် စစ်လက်နက်စနစ် ဒီဇိုင်းရေးဆွဲခြင်း၊ ထုတ်လုပ်ခြင်း၊ ပေးပို့ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင်ပါပူးပေါင်းဆောင်ရွက်နိုင်ရန် အပြန်အလှန် သဘောတူညီထားကြပါသည်။

ယခုသဘောတူစာချုပ်သည် တောင်ပိုင်းဒေသ၊ အရှေ့တောင်အာရှဒေသတို့နှင့် တောင်ကိုရီးယားနိုင်ငံအကြား ပိုမိုနက်ရှိုင်းသော စီးပွားရေးနှင့် နိုင်ငံတကာဆက်ဆံရေး တည်ဆောက်ရန်ရည်ရွယ်သည့် “New Southern Policy” မူဝါဒအရ ‌ရှေ့ခြေလှမ်းတစ်ခု ဖြစ် ပါသည်။

တောင်ကိုရီးယားသည် ဖိလစ်ပိုင်နိုင်ငံ၏ သတ္တမအကြီးဆုံး ပို့ကုန်ဈေးကွက်ဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် ဖိလစ်ပိုင်မှ ကုန်ပစ္စည်းတင်ပို့မှု အမေရိကန်ဒေါ်လာ ၃.၀၅ ဘီလီယံအထိ ရှိခဲ့ပါသည်။ တောင်ကိုရီးယား၏ပို့ကုန်မှာ ၎င်းပမာဏထက် နှစ်ဆကျော်တိုးမြင့်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၇.၃၁ ဘီလီယံအထိ ဖိလစ်ပိုင်သို့ တင်ပို့နိုင်ခဲ့သည့်အတွက် တောင်ကိုရီးယား၏ ၁၃ ခုမြောက် အကြီးဆုံးပို့ကုန်ဈေးကွက်အဖြစ် ကိုယ်စားပြုလျက်ရှိပါသည်။

နှစ်နိုင်ငံကုန်သွယ်မှုတွင် မီးရထားလမ်းကြောင်းပြောင်းစနစ်များ၊ အချက်ပြမှုနှင့် ထိန်းချုပ်မှုစနစ်များ၊ သတ္တုတူးဖော်ခြင်းနှင့် ဥမင်တူးခြင်းအတွက် စက်ကိရိယာများ စသည့် သယ်ယူပို့ဆောင်ရေးထုတ်ကုန်များတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၃၃၃ သန်း သာပါဝင်ပြီး ယင်းပမာဏတွင်မော်တော်ယာဉ် အစိတ်အပိုင်းများတင်ပို့မှုမှာအမေရိကန်ဒေါ်လာ ၂၄.၅ သန်းနှင့် မော်တော်ယာဉ် တင်ပို့မှုမှာ အမေရိကန် ဒေါ်လာ ၁၄.၈ သန်းသာပါဝင်သည့်အတွက် တောင်ကိုရီးယားအနေဖြင့် အဆိုပါကဏ္ဍတွင် ပို့ကုန်တိုးမြှင့်ရေး ဆောင်ရွက်လိုခြင်းဖြစ်ပါသည်။

ဖိလစ်ပိုင်အနေဖြင့် တောင်ကိုရီးယားသို့ လယ်ယာထွက်ကုန်များ အများဆုံးတင်ပို့ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၆၂ သန်း တင်ပို့ခဲ့ရာ ငှက်ပျောသီးတစ်မျိုးတည်း တင်ပို့မှုသည် ၇၈ ရာခိုင်နှုန်းဖြစ်ပါသည်။ ယခု စာချုပ်လက်မှတ်ရေးထိုးပြီးပါက အခွန်လျှော့ချမှုများရရှိလာမည်ဖြစ်သဖြင့် ဖိလစ်ပိုင် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် တောင်ကိုရီးယားဈေးကွက်တွင် ပို့ကုန် ဆိုင်ရာအခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်ပါသည်။

အီလက်ထရွန်နစ်ဆားကစ်သည် နှစ်နိုင်ငံကုန်သွယ်မှု၏ အဓိကပို့ကုန်ဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် ဖိလစ်ပိုင်မှ တောင်ကိုရီးယားသို့ တင်ပို့မှုအားလုံး၏ ၁၈.၅ ရာခိုင်နှုန်းအထိ တင်ပို့ခဲ့သည်ကိုတွေ့ရှိရပြီး တောင်ကိုရီးယားသွင်းကုန်အားလုံး၏ ၃၈ ရာခိုင်နှုန်းအထိ ဈေးကွက်ရယူထားသော ထုတ်ကုန်ဖြစ်ပါသည်။

 

 

 

လဲ့လဲ့နှင်း (MYANTRADE)

Source: ASIA Briefing

https://www.dti.gov.ph/korea-free-trade-agreement/

 

Category: International News